စစ်အုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီး လုပ်တဲ့ တရုတ်နိုင်ငံနဲ့ တရုတ်ဂတ်စ်ပိုက်လိုင်းကိစ္စ ဆွေးနွေးပွဲနဲ့ပတ်သတ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်း အတွင်းသတင်းအချက်အလက်ပေါက်ကြားမှုကြောင့်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ တချို့ ဖမ်းခံရတာနဲ့ ပတ်သတ်လို့ပြောပြပေးချင်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်အုပ်ချုပ်ရေးကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သူတွေနဲ့ တရုတ်နိုင်ငံက ကိုယ်စားလှယ်တချို့ လက်ရှိပြည်တွင်းအခြေအနေ ရိုက်ခတ်မှုကြောင့် တရုတ်ဂတ်စ်ပိုက်လိုင်း လုံခြုံရေးနဲ့ပတ်သတ်တဲ့ ဆွေးနွေးပွဲတခု လုပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီလို အစည်းအဝေးလုပ်တာမှာ ပါဝင်ခဲ့သူတွေ တချို့ဆီကနေ အတွင်းသတင်း အချက်အလက်ပေါက် ကြားမှုကြောင့်ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးအပါအဝင် လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိသူ ဦးစိုးသူရတို့ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ ကနဦးသတင်းရထားတာပါ။
ဒီကနေ့မနက်ပိုင်းမှာတော့ ဦးချမ်းအေးကို အရပ်ဝတ်လူ ၆ ယောက်က နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးချုပ်ကနေ မျက်နှာစွပ်ကာ ခေါ်ဆောင်သွားတယ်လို့ မျက်မြင်သက်သေတဦးကပြောပါတယ်။
"၆ ယောက်လောက်ကြားထဲကပေါ့... ဒီတိုင်း အေးဆေးပဲ... ဘာမှ ချုပ်နှောင်ထားခြင်းမရှိဘဲ၊ ခေါ်လာခဲ့ပြီးတော့ ရှေ့ကားကလည်း အလုံကားမျိုး နောက်ကားကလည်း အလုံကားပဲ။ ယူနီဖောင်း မပါဘူး။ အရပ်ဝတ်ပဲ.. လူပုံစံတွေကတော့ ထောင်ထောင်မောင်းမောင်းတွေ ဝင်တဲ့ အချိန်မှာ တွန်းတင်တယ်။ နောက်ကားပေါ်ရောက်တော့ တံခါးမပိတ်ခင်မှာ ခေါင်းကို စွပ်လိုက်တယ်။ အဲဒါ လေးပါဗျ။ ဦးချမ်းအေးက သူက CDM လို့တော့ မကြေငြာဘူး။ ဒါပေမဲ့ ထောက်ခံမယ့်ထဲမှာတော့ ပါမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ သူက သူ့သူငယ်ချင်း တယောက် ထိုင်းကနေပြီးတော့ လက်ထောက်ညွှန်ကြားရေးမှူးနဲ့ အလုပ်ထွက်သွားပြီးတော့ အပြင်မှာနေတဲ့သူနဲ့ အချိတ်အဆက်တွေ ရှိတယ်ဗျ။ အချိတ်အဆက်ရှိတော့ အတွင်းသတင်းတွေ ပေါက်ကြားမှုနဲ့ ပတ်သက်ပြီးတော့ သံသယရှိပြီးတော့ ခုလို ခေါ်တယ်လို့လည်း ကျနော်က မြင်တယ်။ တရုတ်ဂတ်စ်ပိုက်လိုင်းကိစ္စနဲ့ ပတ်သတ်လို့ အစည်းအဝေးလုပ်တဲ့ကိစ္စလေ... အဲဒီကိစ္စနဲ့ပတ်သတ်ပြီး သတင်းပေါက်ကြားလို့ဆိုပြီး စစ်ဆေးရေးဝင်နေတယ်... MOFA မှာလေ။"
မျက်မြင်တဲ့ သူတဦးပြောပြချက်ဖြစ်ပြီး လုံခြုံရေးအရ အသံပြုပြင်ထားရတာ ဖြစ်ပါတယ်။ အစည်းအဝေးအတွင်း ပါဝင်တဲ့ဝန်ကြီးဌာနက တခြားအဆင့်တွေကိုလည်း စစ်ဆေးခံနေတယ်လို့ သိရပေမဲ့ ဗွီအိုအေအနေနဲ့ လိုက်လံစုံစမ်းနေဆဲပါ။ ဦးချမ်းအေးကို ဘယ်နေရာကို ခေါ်ဆောင်သွားသလဲဆိုတာကတော့ ခုထိမသိရေသးပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း CDM အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ နိုင်ငံခြား ရေးဝန်ကြီးဌာန ဝန်ထမ်း ၁၁ ယောက်ကို စစ်အုပ်ချုပ်ရေးကောင်စီဘက်က ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ နေပြည်တော် ဒက္ခဏသီရိမြို့နယ်တရားရုံးမှာတရားစွဲဆိုထားတာရှိပါတယ်။ ဒီလူတွေဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ အဖမ်းခံခဲ့ရတာပါ။ သူတို့တွေကိုတော့ လာမယ့် မတ် ၁၅ ရက်နေ့မှာ ရုံးထုတ်သွားဖို့ ရှိပါတယ်။
"အချိန်တိကျတော့ မသိရသေးဘူး။ အဲဒီ ၁၅ ရက်နေ့တော့ ရုံးချိန်းထပ် ရှိတယ်ဆိုပြီး သိတယ်။ လိုက်ပေးမယ့် ရှေ့နေတွေဆီကနေ ပြောပါတယ်ဗျ။ ၁၅ ရက်နေ့ဆိုတာကိုတော့ အတည်ပြုပါတယ်။ နေရတာလည်း သူတို့က ထောင်ကို အရင်တုန်းက ကိုဗစ်စင်တာထားဖို့အတွက်ဆိုပြီး ယာယီအနေနဲ့ လုပ်ထားတာရှိတယ်လေ။ အဲဒီကိုဗစ်စင်တာမှာထားတယ်လို့ ပြောတယ်။"
ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားရေးဝန်ထမ်း ၁၁ ယောက်ကတော့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၈ ယောက်တို့ဖြစ်ပါတယ်။ သူတို့ကို တရားစွဲဆိုတဲ့ ပုဒ်မ ၅၀၅ (က) ဟာ တပ်မတော်ကို ပြိုကွဲအောင် လှုံ့ဆော်မှု/လုပ်ဆောင်မှု ဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် သုံး နှစ်ထိ ချမှတ်ခံရနိုင်ပါတယ်။
No comments:
Post a Comment