လှိုင်သာယာတွင် သုခကာရီပရဟိတအသင်း ဥက္ကဋ္ဌ မရွှေမှုန်အပါအဝင် သုံးဦးအဖမ်းခံရ
သုခကာရီပရဟိတာအသင်းဥက္ကဋ္ဌ မရွှေမှုန် အပါအဝင် သုံးဦးကို လှိုင်သာယာမြို့နယ် လမ်းမတစ်နေရာ တွင် ယနေ့ (မတ် ၂၁) နံနက်ပိုင်း၌ စစ်ကောင်စီလက်နက်ကိုင်များက ဖမ်းဆီးခေါ်သွားသွားသည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။
“မနက် ၈ နာရီလောက်က လှိုင်သာယာပန်းလှိုင်တံတားအောက်မှာ ပစ္စည်းလှူရင်းနဲ့ စစ်ကြောင်းနဲ့ တိုးသွားတာပေါ့။ ပထမက ကောင်မလေးနှစ်ယောက်ကို အရင်မိတာ။ သူတို့ဖမ်းနေတုန်း ကားသမား က မောင်းပြေးတယ်။ အဲမှာ ပိုဆိုးသွားတယ်။ အဲဒီမှာ ကောင်မလေးကို ကားသမားပြန်ခေါ်ခိုင်းပြီး စစ်တယ်လို့ ပြောတယ်။ အဲဒီလို စစ်ပြီး သူတို့သုံးယောက်ကိုရော ကားကိုပါ ဖမ်းလိုက်တယ်။ ဘယ်ကို ဖမ်းခေါ်သွားသလဲဆိုတာတော့ မသိပါဘူး” ဟု အဆိုပါ မျက်မြင်တွေ့ရှိသူက ပြောသည်။
၎င်းတို့ကို ဖမ်းဆီးခေါ်သွားသည်မှာ တပ်မ ၇၇ ဖြစ်ပြီး လက်ရှိတွင် သုခကာရီပရဟိတာ ရုံးခန်းနေရာ များကိုလည်း လိုက်လံရှာဖွေနေသည့်အတွက် ရုံးဝန်ထမ်းများ တိမ်းရှောင်နေရကြောင်း သိရသည်။ သုခ ကာရီပရဟိတာအသင်းသည် ကိုဗစ်ကာလအတွင်း ကိုဗစ်လူနာများကို လိုက်ပါပို့ဆောင်ခဲ့သည့်နည်းတူ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပိတ်မိသူ ပြည်သူများကို ကယ်ဆယ်ကူညီပေးသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများကို စောင့်ရှောက်ပေးနေသည့် အသင်းဖြစ်သည်။ အသင်းဥက္ကဋ္ဌ မရွှေမှုန်သည် သတင်းထောက်ဟောင်းတစ်ဦးလည်း ဖြစ်သည်။
ဓာတ်ပုံ − ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးကို သုခကာရီပရဟိတာအသင်းဥက္ကဋ္ဌ မရွှေမှုန်ဦးဆောင်၍ သယ်ဆောင်နေစဉ်။
No comments:
Post a Comment