Friday, March 26, 2021

‘ဒီပွဲနိုင်မယ် ထင်လား’

 ကျွန်တော့်ကို အခုရက်ပိုင်းမှာ မိတ်ဆွေအတော်များများ လာမေးကြတာက -

‘ဒီပွဲနိုင်မယ် ထင်လား’ တဲ့။ 

.

အမှန်အတိုင်းပြောရရင် အာဏာစလုခံရတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တုန်းက ကျွန်တော့်စိတ်ထဲမှာ သိပ်မသေချာခဲ့ဘူး။ ငါတို့ တိုင်းပြည်ကြီးတော့ သွားပြန်ပြီ လို့ တကယ်ကို ဖြစ်ခဲ့တယ်။

.

ဒါပေမဲ့ အခုအချိန်မှာတော့ လာမေးတဲ့သူတိုင်းကို

‘နိုင်မှာ သေချာတယ်’ လို့ပဲ ပြန်ပြောခဲ့တယ်။ 

‘နိုင်တာကတော့နိုင်မယ်။ ဒါပေမဲ့ အသေအပျောက်တော့ ရှိမယ်’ လို့ ဖြေခဲ့တယ်။ 

.

ဘာဖြစ်လို့ နိုင်မှာသေချာတာလဲ။ 

.

လူအင်အားသာလို့လား။

လက်နက်အင်အားသာလို့လား။ 

ဉာဏ္ပညာသာလို့လား။

ခံယူချက်တွေသာလို့လား။

.

အခုအချိန်မှာ ပြောရရင်တော့ လက်နက်အင်အားကလွဲရင် ကျန်တာ အကုန်သာတယ်။ လက်နက်ကလည်း CRPH နဲ့ ဒေါက်တာဆာဆာကို တောင်းပြီး အားဖြည့်လိုက်ရင် မကြာမီအချိန်မှာ ရလာတော့မှာ။ ဒါပေမဲ့ ‘ဒီပွဲမှာ ငါတို့နိုင်မယ်’ လို့ ပြောရခြင်းရဲ့ အဓိကအကြောင်းရင်းက -

.

ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဟာ ဒီမိုကရေစီ ရဖို့ ထိုက်တန်နေပြီ။ ဒီမိုကရေစီအသီးကြီးဟာ ရင့်မှည့်နေပြီ - ဆိုတာကြောင့်ပါပဲ။

.

ဘာကြောင့်လဲ - 

ပြန်စဉ်းစားကြည့်တဲ့အခါ -

(၁) ဟိုးအစကတည်းက ပြည်သူတွေဟာ ခေါင်းဆောင်မရှိဘဲ ကိုယ့်အားကိုယ်ကိုးခဲ့ကြတယ်။

(၂) အကြမ်းမဖက်၊ ငြိမ်းချမ်းရေးနည်းနဲ့ပဲ သပိတ်ကြီးကို စတင်ခဲ့တယ်။ ကိုယ့်ကိုဒီလောက်ပစ်နေတာတောင် ပြန်ပြီး ပစ်ခတ်၊ အကြမ်းဖက်ဖို့မဖြစ်အောင် အချင်းချင်း ပြန်ထိန်းတယ်။ ဒီအတွက် ကမ္ဘာ့အလယ်မှာ မျက်နှာအလွန်လှခဲ့ရတယ်။

(၃) စည်းလုံးညီညွတ်စွာ ညဘက်ကင်းပုန်းတွေစောင့်ပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ခဲ့ကြတယ်။ ညပိုင်းဆေးမိပြီး ဖမ်းမိတဲ့လူတွေကို - ၈၈ တုန်းက အကွက်တွေ မဝင်စေနဲ့ - ဆိုပြီး လူသားဆန်စွာ ဖမ်းဆီး စစ်ဆေးမေးမြန်းပေးခဲ့တယ်။ 

(၄) အာဏာရူးစစ်သောင်းကျန်းသူတွေကို ရတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့တယ်။ ညဘက် သံပုံးတီးတယ်။ ကားဟွန်းတွေတီးတယ်။ သပိတ်စစ်ကြောင်း ပုံစံမျိုးစုံ အထိမ်းအမှတ်မျိုးစုံနဲ့ ထွက်ခဲ့တယ်။ Gen Z တွေက ဦးဆောင်ပြီး တီထွင်ကြံဆခဲ့ကြတယ်။

(၅) တဖြည်းဖြည်းနဲ့ တိုင်းရင်းသားတွေ စည်းလုံးလာကြတယ်။ အရင်က ဗမာအများစု မုန်းတီးခဲ့တဲ့ ရိုဟင်ဂျာတွေဘက်ကနေ ဝင်ပြီး နားလည်ပေးတတ်လာတယ်။ ကိုယ့်ရဲ့ အမှားတွေကို တောင်းပန်တတ်လာတယ်။ 

(၆) နိုင်ငံတကာစာမျက်နှာတွေမှာ Spam လိုပုံစံမျိုး မဖြစ်ရအောင် အချင်းချင်း ပြန်ထိန်းပေးကြတယ်။ အင်္ဂလိပ်စာ ဘာမှမတတ်တဲ့ လယ်သမားကြီးတွေကအစ Twitter ကို ကြိုးစားပြီး သုံးကြတယ်။ ကိုယ့်မှာ ရှိတဲ့ ဓာတ်ပုံလေးတွေ၊ ဗီဒီယိုဖိုင်လေးတွေကို ကမ္ဘာက သိအောင် ဖြန့်‌ဝေတတ်လာကြတယ်။

(၇) မြန်မာလူမျိုးရဲ့ ထုံးစံဟာ ကြီးသူကို ပြန်မပြောဘူး။ ဆရာဆို အာမခံဘူးဆိုတဲ့ အငုံ့စိတ်၊ ကျွန်စိတ်ရှိခဲ့ရာကနေ - Gen Lee တွေကို ကောင်းကောင်းကြီး ‌ဝေဖန်တတ်လာတယ်။ ပညာတတ်ပြီး အသုံးမကျတဲ့ Non-CDM ဆရာကြီးတွေကို ကဲ့ရဲ့ရကောင်းမှန်းသိလာကြတယ်။ 

(၈) စစ်အာဏာရှင်ခေတ်၊ ရွှေရည်စိမ်ဒီမိုကရေစီခေတ်မှာ ခရိုနီတွေလက်အောက် ပြားပြားဝပ်ခဲ့ရပြီး ငွေရှိလူတန်းစားကို မော်ဖူးကြခဲ့ရပေမဲ့ အခု နွေဦးတော်လှန်ရေးမှာတော့ ငွေကြေးရှိတိုင်း အမှန်တရားကို ဝယ်မရဘူးဆိုတာ သိလာကြပြီ။ အရင်က ဘယ်လောက်လှူခဲ့တဲ့လူပဲဖြစ်ဖြစ် ဘောမလုပ်နေရင် ဝိုင်းဆဲတတ်လာပြီ။ လူတွေကို ပိုက်ဆံလှူပြီး နာမည်ဝယ်လို့မရဘူးဆိုတာ သိလာကြပြီ။ 

(၉) ဘာသာရေးမှာလည်း ဘာသာရေးခေါင်းဆောင်တွေ ဆရာတော်ကြီးတွေကို စစ်ခွေးနဲ့ပေါင်းရင် ပေါင်းသလို Social Punishment လုပ်တတ်လာပြီ။ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ ဆရာတော်ကြီးတွေကိုယ်တိုင် မကြုံစဖူး စစ်သောင်းကျန်းသူတွေကို ဆန့်ကျင်တဲ့ စာတွေ ထုတ်ပြန်ရတဲ့အထိ အောင်မြင်ခဲ့ပြီ။  ပို့စ်တင်လို့ ရေးသားရာမှာ ဘာသာရေးဘက်လိုက်တဲ့ အသုံးအနှုန်းမြင်ရင်ကို ကိုယ့်ဗုဒ္ဓဘာသာထဲကကိုပဲ ပြန်ထောက်ပြတတ်တဲ့အကျင့်တွေ ရှိလာကြပြီ။ ပုပ်ရဟန်းမင်းကြီးရဲ့ ဒူးထောက် တောင်းပန်ပြီး ငြိမ်းချမ်းရေး တောင်းဆိုပေးခြင်းခံရတဲ့ နိုင်ငံအဖြစ်ကီု ရောက်ရှိလာခဲ့ပြီ။

(၁၀) အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ဒေါက်တာဆာဆာ၊ CRPH တို့ဟာ လူထုအသံကို နားစွင့်ပြီး လူထုက R2P ဆိုရင် R2P, ဖက်ဒရယ်သမ္မတနိုင်ငံတော်ကြီးဆိုရင် ဖက်ဒရယ်နိုင်ငံတော်၊ ဖက်ဒရယ်တပ်မတော်၊ တိုင်းရင်းသားစည်းလုံးရေးဆိုရင် ချက်ချင်းပဲ တိုင်းရင်းသားတပ်မတော်တွေနဲ့ ငြိမ်းချမ်းရေး - စသဖြင့် လူထုအသံကို အဓိက နားထောင်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်လာခဲ့ပြီ။

(၁၁) မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ်မှာ စစ်တပ်ကို လူထုထဲက စစ်မှုမထမ်းမနေရ ထမ်းရတဲ့ လူထု စစ်တပ်အထိရောက်အောင် မြေလှန်ပြုပြင်ဖို့အထိ အစီအစဉ်တွေ ရေးဆွဲထားပြီးကြပြီ။

(၁၂) လှိုင်သာယာ၊ ရွှေပြည်သာတို့က ကျူးကျော်အခြေခံလူတန်းစားတွေ အသက်စွန့်ပြီး တိုက်ပွဲဝင်ပြခဲ့တဲ့အတွက် လူတန်းစားကွဲပြားမှုဟာလည်း လုံးဝကို ပပျောက်လုမတတ်ဖြစ်သွားခဲ့ပြီ။

(၁၃) မြန်မာပြည်ထုံးစံအရ အကြီးတွေက အငယ်တွေကို မျက်နှာသာမပေးခဲ့ရာကနေ - ဂျူနီယာဆရာဝန်တွေက CDM ကိုစပြီး ဆယ်ကျော်သက် Gen Z တွေက ဆန္ဒပြပွဲတွေကို စတင်ခဲ့တဲ့အတွက် လူငယ်တွေကို နေရာပေးရမှန်း လူငယ်တွေကို လေးစားရမှန်း အားလုံးသိလာကြပြီ။ 

(၁၄) CDM သမားတွေကို အများက ပြန်လည်ထောက်ပံ့ပေးတဲ့အတွက် အမှန်တရားအတွက် တိုက်ပွဲဝင်ပါက လုပ်ခလစာမရှိဘဲလည်း ရပ်တည်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ပြီ။ (ဒါပေမဲ့ ဒီထက်ပိုပြီး လှူကြဖို့တော့ လိုနေပါသေးတယ်။ CDM သမားတွေ လောလောဆယ်မှာ အကူအညီတွေ အများကြီးလိုနေပါတယ်။)

(၁၅) မြန်မာပြည်ကို နှစ်ပေါင်းများစွာ ကုပ်သွေးစုပ်လာခဲ့တဲ့ တရုတ်နိုင်ငံကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေနဲ့ ပူးပေါင်းရမယ်ဆိုတာကို တစ်နိုင်ငံလုံးက နားလည်သွားပါပြီ။

(၁၆) နောက်ဆုံးအချက်အနေနဲ့ ပြောရရင်တော့ မြန်မာပြည်မှာ ဗမာ - ဗုဒ္ဓဘာသာ ဆိုတဲ့ လူမျိုးကြီးအစွဲဟာ နှစ်လအတွင်းမှာတင် ပျောက်ကွယ်သွားခဲ့ပါပြီ။

.

ဒီလို အကြောင်းပေါင်းများစွာကြောင့် မြန်မာပြည်ကြီးဟာ ဒီမိုကရေစီရရှိဖို့အတွက် ထိုက်တန်နေပြီ။ ရင့်မှည့်နေပြီဆိုတာ လုံးဝ အသေအချာပါပဲ။ လောကကြီးမှာ ဖြစ်ချိန်တန်ရင် ဖြစ်၊ ပျက်ချိန်တန်ရင် ပျက်ရတဲ့ သဘာဝရှိပါတယ်။ အချိန်တန်ရင် ဘယ်လို နိယာမမျိုးကိုမှ အဲဒီလမ်းကြောင်းနဲ့ သွေဖီသွားအောင် တားဆီးလို့မရဘူး။ ဘာလို့လဲဆိုတော့ လူတွေရဲ့ စိတ်ဟာ ဒီမိုကရေစီစိတ်ဖြစ်နေရင် အဲဒီလူတွေကို အာဏာရှင်စနစ်နဲ့ ဘယ်လိုမှ အုပ်ချုပ်လို့ မရတော့ပါဘူး။ ဥပမာ - အမေရိကန်တွေ၊ ဥရောပ တိုက်သားတွေကို အာဏာရှင်စနစ်နဲ့ သွားအုပ်ချုပ်မယ်ဆိုရင် သူတို့ဟာ သေသည်အထိ ခံတိုက်ကြမှာပါပဲ။ ဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံသားတွေဟာ ဒီမိုကရေစီစိတ်အပြည့်အဝ ရှိနေကြပါပြီ။ အံ့သြစရာကောင်းလောက်အောင်ကို မြန်မာပြည်ကြီးဟာ ဒီနှစ်လအတွင်းမှာ အကြီးကျယ်ဆုံး ပြောင်းလဲသွားခဲ့ပြီ။ ဒါကြောင့် ကျွန်တော့်ကို လာမေးတဲ့လူတိုင်းကို မဆိုင်းမတွပဲ ကျွန်တော် အမြဲဖြေဖြစ်ခဲ့ပါတယ်။

.

'ဒီပွဲက ငါတို့နိုင်မှာ'

No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...