Tuesday, March 9, 2021

အကြမ်းဖက်မှုတွေ ရပ်ဖို့ EU စစ်ဘက်အကြီးအကဲ မြန်မာဒုကာချုပ်ကိုဖုန်းနဲ့ ပြောဆို

 အကြမ်းဖက်မှုတွေ ရပ်ဖို့ EU စစ်ဘက်အကြီးအကဲ မြန်မာဒုကာချုပ်ကိုဖုန်းနဲ့ ပြောဆို

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေအားလုံးကို ချက်ခြင်းရပ်ဖို့၊ ဆန္ဒပြပွဲတွေကို ကိုင်တွယ်ရာမှာ နောက်ထပ် သွေးထွက်သံယိုဖြစ်မှုတွေကို ရှောင်ရှားပြီး နိုင်ငံတကာဥပဒေကို လေးစားလိုက်နာပြီးတော့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်ဖို့ ဥရောပသမဂ္ဂ (EU) ရဲ့ လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

EU စစ်ဘက်ဦးစီးဌာန (EUMS) ရဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean က စစ်ဘက် အုပ်ချုပ်ရေးကောင်စီ ဒုတိယအကြီးအကဲ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တယ်လီဖုန်းကတဆင့် ဆက်သွယ်ပြီး လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုချိန်အတွင်း အဲဒီလို တိုက်တွန်းခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကတည်းကဆိုရင် ဒါဟာ ပထမဆုံး ဆက်သွယ် ပြောဆိုမှုဖြစ်တယ်လို့ EEAS လို့ခေါ်တဲ့ ဥရောပ ပြည်ပရေးရာ လှုပ်ရှားဆောင်ရွက်မှုဌာနရဲ့ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘယ်နိုင်ငံက စစ်တပ်မဆိုရဲ့ အခန်းကဏ္ဍဟာ လူထုကို အကာအကွယ်ပေးဖို့ဖြစ်တယ် ဆိုတာကိုလည်း ဒုဗိုလ်ချုပ်ကြီး Bléjean အထူးအလေးထား ပြောဆိုခဲ့ပါတယ်။ မြန်မာ့အာဏာသိမ်းမှုကို EU က အပြင်းထန်ဆုံးပြောဆိုပြီး ပြစ်တင် ရှုတ်ချထားတာပါ။

EUMS ဟာ EEAS ရဲ့ဖွဲ့စည်းပုံအတွင်းမှာပါရှိပြီး စစ်ဘက်ရေးရာ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတာပါ။ EUMS ရဲ့ အခန်းကဏ္ဍက တင်ကြိုသတိပေးချက် ထုတ်ပြန်တာ၊ အခြေအနေကို ဆန်းစစ်သုံးသပ်တာ၊ မဟာဗျူဟာစီမံကိန်းရေးဆွဲတာ၊ ဆက်သွယ်ရေးနဲ့ သတင်းနည်းပညာစနစ်ပိုင်း၊ အမြင်သဘောထား ပြုစုတာ၊ လေ့ကျင့်ရေးနဲ့ ပညာပေးရေး၊ မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှု အထောက်အကူပြုတာတို့ဖြစ်တယ်လို့ EEAS ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ အရပ်ဘက်အုပ်ချုပ်ရေးနဲ့အတူ တည်ငြိမ်မှုနဲ့ ဒီမိုကရေစီကို ပြန်လည်ထူထောင်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း ဒုဗိုလ်ချုပ်ကြီး Bléjean က အခိုင်အမာပြောပါတယ်။

ဒီထဲမှာ နဂိုကတည်းက အကြပ်အတည်းဆိုက်ပြီးသား မြန်မာ့လူမှုစီးပွားအခြေအနေ နောက်ထပ် ယိုယွင်းပျက်စီးမှာကို ရှောင်ရှားဖို့လည်း ပါဝင်ပါတယ်။

ဒီအတွက် သက်ဆိုင်သူအားလုံးနဲ့အတူ နိုင်ငံရေးအရ ဆွေးနွေးဖို့ဆိုတဲ့အမြင်ကို ရှေးရှုပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအရ တခြားထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ဒုဗိုလ်ချုပ်ကြီး Bléjean က မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် Schraner Burgener ကို ဖြစ်နိုင်သမ ျှအစောဆုံး မြန်မာနိုင်ငံလာခွင့်ပြုပြီး သက်ဆိုင်သူအားလုံးနဲ့ ညှိနှိုင်းခွင့်ပေးပြီးတော့ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်လုပ်ဆောင်ခွင့်ပေးဖို့ အထူးသဖြင့် အရေးကြီးတယ်ဆိုတာ ဒုဗိုလ်ချုပ်ကြီး Bléjean က အလေးထားပြောဆိုခဲ့ပါတယ်။



No comments:

Post a Comment

ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့

21.5.2021 ဒီး​​မော့ဆိုတွင် အကြမ်းဖက်စစ်​ကောင်စီ ဂိတ်စခန်းကို PDF မီးရှို့ ကရင်နီပြည် ဒီးမော့ဆိုမြို့ရှိ ထူလွီးဘီလာဂိတ်ကို ယနေ့ညနေ ၅ နာရီ ၅၀ ...