ဧရာဝတီတိုင်းပညာရေးမှူးရုံးက ဝန်ထမ်း ၄၀ ဦးနုတ်ထွက်
DVB
ဧရာဝတီတိုင်းပညာရေးမှူးရုံးက ဆရာ ဆရာမတွေနဲ့ ဝန်ထမ်း ၄၀ ဦးဟာ မတ်လ ၂၁ ရက်က အသီးသီးနုတ်ထွက်စာတင်ခဲ့တယ်လို့ ပညာရေးဝန်ထမ်းတွေထံက သိရပါတယ်။
မတ်လ ၂၂ ရက်နေ့မှာ ရုံးပြန်တက်ဖို့ သင်တန်းတက်ဖို့နဲ့ CDM လုပ်ဆောင်နေတာတွေရပ်ဖို့ အမျိုးမျိုးဖိအားပေးတာတွေရှိလာတာကြောင့် ခုလို နုတ်ထွက်စာတင်ရတာလို့ ဆရာ ၁ ဦးက DVB ကိုပြောပါတယ်။
" CDM မှာပါဝင်လာတာ စကတည်းကပါ ဒါပေမဲ့ နောက်ပိုင်းမှာ အမျိုးမျိုး ဖိအားပေးတာတွေ ရှိလာတယ် ရုံးမဖြစ်မနေပြန်တက်ဖို့ DE အစစ်ခံရမယ် အဲ့လို ခြိမ်းခြောက်တာတွေ ရှိလာတယ် လိပ်ပြာ သန့်သန့်အသက်ရှင်ချင်တယ် ခုတော့ နောက်ဆုံး နုတ်ထွက်စာတင်လိုက်တာပါ''လို့ ပြောပါတယ်။
ကလေးတွေကို ပညာသင်ပေးရတဲ့ ဝန်ထမ်းတွေဖြစ်တာကြောင့် အနာဂတ်မှာ ကလေးတွေကို လိပ်ပြာသန့်သန့်နဲ့ ပညာသင်ပေးချင် သလို အရင်ကလို အကြောက်တရားမရှိစေချင်တော့လို ခုလို CDM မှာ ပါဝင်ခဲ့တာဖြစ်ပြီး ရှေ့ဆက်ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နုတ်ထွက်ခဲ့တဲ့ တိုင်းပညာရေးမှူးရုံးက ဝန်ထမ်း ၄၀ ဦးထဲမှာ ဦးစီးမှူး၊ လက်ထောက် ဦးစီးမှူး၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး စတဲ့ ရာထူးတာဝန်ယူထားရတဲ့ ဝန်ထမ်းတွေပါဝင်တယ်လို့ သိရပါတယ်။
No comments:
Post a Comment