အောင်ပင်လယ်တွင် ၁ ဦး သေဆုံး၊ ဒဏ်ရာပြင်းထန်သူ၂ ဦးကို ဖမ်းဆီးသွား
ဧရာဝတီ၊ မတ် ၂၁၊ ၂၀၂၁
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် အနီးတွင် မတ်လ၂၁ ရက် ညနေပိုင်းက စစ်ကောင်စီ တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် တဦးသေဆုံးပြီး၊ နှစ်ဦး အပြင်းအထန် ဒဏ်ရာများဖြင့် ဖမ်းဆီးခံ ထားရကြောင်း သိရသည်။
“၅၆ လမ်းနဲ့ မနော်မှာ ကောင်မလေးတယောက် ထိထားတယ်။ ကောင်လေးတယောက်က ပေါင်ထိထားတယ်။ ကောင်လေးကို သူတို့ ဆွဲသွားတဲ့ အချိန်မှာ ကြက်ခြေနီတယောက်က လက်မြှောက်ပြီးတော့ သူတို့ကြားထဲကို ပစ်ခံရမှာ သိသိကြီးနဲ့ ဝင်သွားပြီး ကားပေါ်မှာပဲ သွေးတိတ်အောင် လုပ်ပေးပြီးတော့ ပြန်ထွက်လာတယ်” ဟု ကယ်ဆယ်ရေးအသင်းမှ မျက်မြင်တွေ့ရှိသူတဦးက ပြောသည်။
“ကောင်မလေးကို ကူဖို့ လုပ်နေချိန်မှာ လမ်းထဲကို အင်အားနဲ့ ဝင်လာတယ် ကျည်အစစ်တွေနဲ့ ပစ်တယ်။ ကောင်မလေးကတော့ သူတို့ လက်ထဲ ပါသွားတယ်။ သွေးထွက်လွန်နေပြီ ကျနော်တို့ ဘာမှ လုပ်ပေးမနိုင်ခဲ့ဘူး” ဟု ၎င်း က ဆိုသည်။
ဒဏ်ရာရထားသည့် အမျိုးသမီးငယ်ကို သွားရောက် ကူညီရန် ကြိုးပမ်းချိန်တွင် စစ်တပ်နှင့်ရဲက ကျည်အစစ်ဖြင့် လိုက်လံပစ်ခတ်ရာ ၅၆ လမ်းနှင့် ၁၁၁ လမ်းထောင့်အနီးတွင် အသက် ၄၀ ဝန်းကျင် အမျိုးသားတဦးကို ဦးခေါင်းထိမှန်ပြီး သေဆုံးသွားခဲ့ရကြောင်း သိရသည်။ ယနေ့ မနက်ပိုင်းကလည်း အောင်ပင်လယ် ဆန္ဒပြပြည်သူများကို လက်နက်ကိုင် တပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ၇ ဦး ထက်မနည်း ဒဏ်ရာ ရခဲ့သည်။
No comments:
Post a Comment