အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ရန် အင်ဒိုနီးရှားနှင့် စင်ကာပူတောင်းဆို
-------------------------------------------
(၂၅-၃-၂၀၂၁)
မြန်မာနိုင်ငံမှာ နောက်ထပ် လူသေဆုံးမှုထပ်မဖြစ်အောင် လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ချက်ခြင်းရပ်တန့်ရန် အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတွေက အာဏာသိမ်း မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
ဂျာကာတာမှာ ကျင်းပတဲ့ ဝန်ကြီးနှစ်ဦးဆွေးနွေးပွဲအပြီး ပူးတွဲသတင်းစာရှင်းပွဲအတွင်း အင်နီးရှားဝန်ကြီး Retno Marsudi နဲ့ စင်ကာပူဝန်ကြီး Vivian Balakrisnan တို့က အဲဒီလိုပြောသွားတာပါ။
"မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ကျမတို့ပြောပါတယ်။ နောက်ထပ်သေဆုံးမှုတွေ ထပ်မရှိစေရေးအတွက် အင်အားသုံးအကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဖို့ မြန်မာစစ်ဖက်ကို ကျမတို့တောင်းဆိုပါတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေးနဲ့ ဒီမိုကရေစီကို ပြန်သွားရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ မြန်မာကိုတောင်းဆိုကြောင်းလည်း ကျမတို့ပြောပါတယ်” လို့ အင်ဒိုနီးရှား ဝန်ကြီး Retno Marsudi ကပြောပါတယ်။
စင်ကာပူဝန်ကြီး Vivian Balakrisnan ကတော့ "မြန်မာနိုင်ငံပြသာနာအပေါ် နိုင်ငံခြားက ဝင်ရောက်စွက်ဖက်တာ မလုပ်သင့်ဘူးလို့ ကျနော်တို့ နှစ်နိုင်ငံစလုံးက ယုံကြည်ပါတယ်။ ဒါပေမယ့် အိမ်နီးချင်း အာဆီယံကတော့ ကူညီနိုင်တဲ့နည်းနဲ့ ကူညီပေးဖို့ အဆင်သင့် ပါပဲ” လို့ပြောပါတယ်။
စင်ကာပူဝန်ကြီးဟာ မြန်မာ့အရေးကို အာဆီယံမှာ ဆွေးနွေးနိုင်ရေးအတွက် လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဌ ဘရူနိုင်း၊ အဖွဲ့ဝင် မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ ဆက်တိုက်ခရီးထွက်ခဲ့ပြီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တာပါ။
အင်ဒိုနီးရှားဝန်ကြီးဟာလည်း ပြီးခဲ့တဲ့ လအတွင်းက စင်ကာပူနဲ့ ထိုင်းကိုခရီးထွက်ပြီး သက်ဆိုင်ရာဝန်ကြီးတွေအပြင် အာဏာသိမ်းစစ်ကောင်စီ နိုင်ငံခြားရေးကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်ကိုပါ ဘန်ကောက်မှာတွေ့ဆုံခဲ့သူဖြစ်ပါတယ်။
တခါ အင်နီးရှားသမ္မတနဲ့ မလေးရှားဝန်ကြီးချုပ်တို့ကလည်း မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်ဖို့ စစ်အုပ်စုကိုတောင်းဆိုထားပြီး မြန်မာ့အရေးကို အာဆီယံမှာ ဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီကတော့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ဆက်လုပ်နေပြီး ဒီနေ့မှာလည်း တောင်ကြီးနဲ့ အခြားမြို့တွေမှာ လူသေဆုံးမှု ထပ်ရှိခဲ့တယ်လို့ သိထားရပါတယ်။
နိင်ငံရေးအကျဉ်းသားများကူညီရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ် သတ်ဖြတ်မှုကြောင့် သေဆုံးသူ ၃၀၀ နီးပါးနဲ့ ဖမ်းဆီးခံရသူ ၂,၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။
Source: AP/ BNN
No comments:
Post a Comment