စစ်တပ်ပိုင် ကုမ္ပဏီ နှစ်ခုကို အမေရိကန်နှင့် ဗြိတိန်က အရေးယူ
------------------------------
(၂၅-၃-၂၀၂၁)
ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ စစ်ကောင်စီရဲ့ စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်လူသတ်မှုတွေရပ်တန့်သွားအောင် စစ်တပ်ရဲ့ အဓိကဝင်ငွေလမ်းကြောင်း ကုမ္ပဏီ နှစ်ခုကို နာမည်ပျက်စာရင်း (blacklist) သွင်းလိုက်တယ်လို့ အမေရိကန်အစိုးရက ဒီနေ့ (ကြာသပတေး) ကြေညာပါတယ်။
အဲဒီ ကုမ္ပဏီ နှစ်ခုကတော့ Myanma Economic Holdings Public Company Ltd (MEHL) ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ Myanmar Economic Corporation Ltd (MEC) မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ဖြစ်ပါတယ်။
ဒီကုမ္ပဏီ နှစ်ခုဟာ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးကို ထိန်းချုပ်ထားတာဖြစ်ပြီး ဘီယာ၊ စီးကရက်ကနေ ကားတာယာ၊ မိုင်းလုပ်ငန်း၊ စက်မှုဇုန်၊ တယ်လီဖုန်းဆက်သွယ်ရေး စတဲ့ အဓိက စီးပွားရေးကို လက်ဝါးကြီးအုပ်ထားပြီး စစ်အုပ်စုရဲ့ အဓိက ဝင်ငွေလမ်းကြောင်းလည်းဖြစ်ပါတယ်။
“အခု အရေးယူမှုဟာ အာဏာသိမ်းမှုအတွက် တာဝန်ရှိသူ၊ စစ်အုပ်စုရဲ့ စီးပွားရေးဒေါက်တိုင်၊ ဖိနှိပ်ရက်စက်တဲ့ မြန်မာစစ်အုပ်စုကို ငွေကြေးအရ ထောက်ပံ့ပေးနေတဲ့လမ်းကြောင်းကို အတိအကျ ဦးတည်အရေးယူလိုက်တာဖြစ်တယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောပါတယ်။
ဗြိတိန်ကတော့ ဦးပိုင်ကုပဏီ MEHL ကို ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အစုအပြုံ လိုက် သတ်ဖြတ်ခံရပြီးကတည်းက အရေးယူထားပြီးသားဖြစ်ပါတယ်။
အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံကတော့ ပြီးခဲ့တဲ့ တနင်္လာကပဲ အာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးနဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကို စီးပွားရေးဒဏ်ခတ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒီလို blacklists အသွင်းခံလိုက်ရတဲ့ ကုမ္ပဏီတွေဟာ အမေရိကန်၊ ဗြိတိန်၊ အီးယူ နိုင်ငံတွေနဲ့ ငွေကြေးအရဆက်ဆံမှု၊ စီးပွားရေးအရ ဆက်ဆံမှု ဘာမှ လုပ်ခွင့်မရှိတော့ပါဘူး။
“ဒါဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အကြမ်းဖက်မှု၊ အာဏာအလွဲသုံးမှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံရမယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်” လို့ နိုင်ငံခြားရေးဝန်ကြီး Blinken ကပြောပါတယ်။
အမေရိကန် ဆီးနိတ် အာရှရေးရာဆပ်ကော်မီတီဥက္ကဌ Ed Markey ကလည်း ဒီလိုအရေးယူတာကိုကြိုဆိုလိုက်ပြီး ဒီထက်မက ပြင်းပြင်းထန်ထန်အရေးယူဖို့ လိုနေသေးတယ် လို့ပြောပါတယ်။
“စစ်တပ်ရဲ့ စီးပွားရေးအသက်ရှုလမ်းကြောင်း၊ လက်နက် အသက်ရှုလမ်းကြောင်း တွေကို ပိတ်ပစ်ရမယ်။ အာဆီယံအပါဝင် မဟာမိတ်တွေကို အမေရိကန်က ဦးဆောင်ပြီး စစ်အုပ်စုရဲ့ ငွေကြေးဝင်ပေါက်လမ်းကြောင်းတွေကို တဆင့်ပြီးတဆင့် ပိတ်ပစ်ရမယ်” လို့ လွှတ်တော်အမတ် Ed Markey ကပြောပါတယ်။
အမေရိကန်ရဲ့ အခုလို အရေးယူမှုကို လူ့အခွင့်အရေးအဖွဲ့တွေကလည်း ကြိုဆိုလိုက်ပါတယ်။ “ဒါဟာ အရေးကြီးတဲ့ တိုးတက်မှုပါ။ ဒါပေမယ့် ဒီလောက်နဲ့မရသေးပါဘူး။ စစ်တပ်ရဲ့အဓိကဝင်ငွေလမ်းကြောင်း သဘာဝဓာတ်ငွေ့နဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကိုပါ အရေးယူဖို့လိုနေပါသေးတယ်” လို့ Human Rights Watch အဖွဲ့က John Sifton ကပြောပါတယ်။
Source: Reuters/ BNN
Photo: AP
No comments:
Post a Comment